တကယ်တော့ ဒီနေ့စနေနေ့ပေမယ့် ကျနော်မအားလှပါဘူး. လုပ်စရာလေးတွေ ပြင်ဆင်စရာလေးတွေရှိပါတယ်. လောလောလတ်လတ်ကဖြစ်ခဲ့တဲ့ H2 Gas Leak တွေနဲ့ပတ်သက်ပြီး Woodlands ရုံးချုပ်က Facility Director က တနင်္လာနေ့မှာ Teleconferencing လုပ်ပြီး အသေးစိတ်ဆွေးနွေးအုံးမယ်ဆိုပါတယ်. ဒီအတွက် ပြင်ဆင်ထားဖို့ပါ. တကယ်က ကျနော်ဘုမသိဘမသိနဲ့ ဒီအရှုပ်ထုပ်ထဲပါသွားတာပါ. ဒီ issue တွေနဲ့ပတ်သက်ပြီး ရုံးက EHS Engineer (Environmental Health & Safety) ကို Director ကပြီးခဲ့တဲ့အပတ်ကမေးပါတယ်. Safety နဲ့ပတ်သက်ပြီး Control ပိုင်းကို ဘယ်သူကိုင်သလဲပေါ့. သူကလည်း မလည်မ၀ယ်နဲ့ပဲပြောရမလား. သိသိကြီးနဲ့ထိုးကျွေးတယ်ပြောရမလား. Control ဆိုတာနဲ့ Sann Win ရှိတယ်ဆိုပြီး ကောင်းကောင်းကြီးညွှန်းလိုက်ပါတယ်.
(ရုံးမှာ ကျနော့်ကို Win ဒါမှမဟုတ် Sann Win ပဲခေါ်ကြပါတယ်။ Aung ကိုသိပ်လျှာမတွေ့ကြဘူးထင်ပါရဲ့ ..တချို့တော့လည်း စန်းဝင်း ဆိုတာကို ကျနော့် Given name ထင်ပြီး ရင်းနှီးမှုရအောင်ခေါ်ကြတာပါ. တရုပ်တွေမှာ ရှေ့ဆုံးက Family name ကိုး. သူတို့မသိတာက 'စန်း' ဆိုတာက အဖေ့နာမည်ကိုယူထားတာဖြစ်ပြီး '၀င်း' ကတော့ အမေ့နာမည်ထဲက တစ်လုံးကိုယူထားတယ်ဆိုတာပါ. ဒီတော့ စန်းဝင်းဆိုတာ ကျနော့် မျိုးရိုးနာမည်လို့ ယူဆမယ်ဆို ယူဆလို့ရပါတယ်။) ထားပါတော့။ ဒီလိုနဲ့ပဲ Director က မနေ့ကရုံးကို သူ့ရုံးက လူနှစ်ယောက်နဲ့ ပေါက်ချလာပြီးတော့ ဆိုင်းမဆင့် ဗုံမပါ ကျနော့်ကို meeting လုပ်မယ်ပြောပါတယ်. တော်တော် professional မဆန်တာပါ။ Meeting တစ်ခုလုပ်မယ်ဆိုရင် Attendee တွေကို နေ့ရယ်အချိန်ရယ် Meeting agenda ရယ်ကိုကြိုပြီးအသိပေးသင့်ပါတယ်. ဒါမှ တစ်ဖက်ကလူက Time management လုပ်နိုင်မှာဖြစ်သလို ပြင်ဆင်စရာရှိတာကြိုပြင်ထားလို့ရမှာပါ. အမှန်က သိပ်နေမကောင်းချင်တာနဲ့ အဲနေ့က ခွင့်ယူအုံးမလို့ပါပဲ. အမှန်က ယူလိုက်ရမှာပါ. အဲသလိုမှပဲ နောက်ဆို Meeting မလုပ်ခင် အရင်ကြို appointment လုပ်ရတယ်ဆိုတာကို သိသွားမှာ. အခုတော့ ကျနော်ဆိုတာ သူလာရင် အချိန်မရွေးတွေ့လို့ရတဲ့ အားနေတဲ့သူ့လက်အောက်က လူတစ်ယောက်လို့ ထင်သလားမသိပါဘူး။
အဲဂလိုနဲ့ပဲ နေ့တစ်ဝက်ကြာ ဟိုလျှောက်မေး ဒီလျှောက်မေးလုပ်ပါတယ်. ကျနော့်မှာ ပြင်ဆင်ခွင့်မရှိခဲ့သလို သူမေးတာတွေအများစုကလည်း ခုနကကျနော့်ကို တွန်းပေးခဲ့တဲ့ EHS Engineer ဖြေသင့်တဲ့မေးခွန်းတွေ၊ နောက်တခြား Chemical Engg, Gas Engg တွေဖြေရမယ့်မေးခွန်းတွေပါ. ဥပမာဆိုရရင် Chemical အမျိုးအစားတစ်ခုဖြစ်တဲ့ IPA (Iso-Propyl Alcohol) leak ဖြစ်ရင် Supply System, Tank တွေကို ဘယ်လို Shutdown လုပ်သလဲဆိုတာမျိုးပါ. ဒါတွေက Chemical Engg မှသိမယ့်မေးခွန်းပါ. သူ့ System ကိုး။ ကျနော်က M&E Control Engg ဆိုတာကို သူသတိမထားမိဘူးထင်ရဲ့. တကယ်တော့ Wafer Fab တစ်ခုဆိုတာ Task တွေ အများကြီးကို Division အများကြီး Department အများကြီးနဲ့ လူအများကြီးဝိုင်းအလုပ်လုပ်ကြတဲ့နေရာတစ်ခုပါ။ ကိုယ့်ကို Assign လုပ်ပေးထားတဲ့ System မဟုတ်ရင် (တနည်းအားဖြင့် ကိုယ်ဟာ System Owner မဟုတ်ရင်) သိဖို့မလွယ်ပါဘူး။ ဒီတော့ကျနော်လည်း ကိုယ်သိတာကိုဖြေလိုက်ပါတယ်. Sorry, I don't know လို့. ဒီတော့သူက How come u don't know? လို့ အံ့သြသလိုဆိုပါတယ်. သူ့အပြုအမူကို စိတ်လေသွားတာနဲ့ ကျနော်လည်း ဘာမှထပ်မပြောလိုက်တော့ပါဘူး. Chemical Engg ကိုမေးပါပြောရင်လည်း ကျနော်က ကိုယ့်အထုပ် သူများခေါင်း ပေါ်တင်တယ် လို့လည်း သူထင်သွားနိုင်ပါတယ်. အဲဒါနဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က incident history ကိုသူ့ကိုပေးပါပြောပြီး တခြား ကျနော်နဲ့မဆိုင်တဲ့ assignment တွေလျှောက်ပေးပြီးပြန်သွားပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကဆိုတော့ ကျနော် ရန်ကုန်မှာ ကျောင်းတက်နေတုန်းထင်ပါရဲ့. ကဲပါ။ အဲဒါနဲ့ကျနော်လည်း တွေ့ကရာလူ လျှောက်မေးကြည့်တော့ ဘယ်သူကမှ လွန်ခဲ့တဲ့ ၁၀နှစ် စက်ရုံစထောင်တုန်းက Data တွေကို မက်မက်မောမော သိမ်းဆည်းထားကြတာမရှိပါဘူး။ ဒီတော့ အားလုံးက ထုံးစံအတိုင်းပေါ့။ စိတ်ကျေနပ်သွားအောင် ရှိသလောက်ပြလိုက်ပါဆိုတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့လေးငါးနှစ်က ပွထနေတဲ့ဒေတာတွေပြန်စစ်ဖို့၊ နောက်အပတ် သူမေးမယ်ထင်တာလေးတွေ ကြိုပြင်ထားဖို့ရှိပါတယ်။ တနည်းအားဖြင့်တော့ သူ့ရဲ့တရစပ်ပစ်ခတ်မှုတွေကို ကာကွယ်ဖို့ ကျည်ကာအင်္ကျီကို သေတ္တာထဲကပြန်ထုတ်၊ ဖုံသုပ်ဖို့ရှိတယ်ဆိုပါစို့။
ဒီကြားထဲကပဲ ဒီမနက် gmail ၀င်တော့ အရင် Marsiling အိမ်မှာအတူ နေဖူးတဲ့ အမည်မဖေါ်လိုသူ သူငယ်ချင်း စိုးဝေမြင့်က သူ့ Blog လေးဝင်ဖတ်ပြီး အကြံပေးပါဆိုလာတာနဲ့ သွားဖတ်ကြည့်ပြီး တတ်သလောက်မှတ်သလောက်သူ့ကို ဝေဖန်ကလိပြီးသကာက ကျနော့်ရဲ့ လွန်ခဲ့တဲ့ ၃နှစ်က Post တစ်ခုနဲ့စထားတဲ့ ဒီ ဘလော့ဂ်ကို ပြန် မွန်းမံဖို့စိတ်ကူးရသွားတာပါ။ ဒီလိုနဲ့ ဖတ်ဖူးတဲ့ကာတွန်းထဲကလို (အော်ပီကျယ်ရဲ့ ကျကျမ်း ထင်ပါတယ်) မနက်ဖြန်လုပ်နိုင်သည့်အလုပ်ကို ယနေ့မလုပ်ပါနှင့်ဆိုတဲ့ အဆိုအမိန့်ကို လက်တွေ့ကျကျကျင့်သုံးပြီးသကာလ ဖုန်တက်၊ ပင့်ကူအိမ်ဖွဲ့နေတဲ့ ကျနော့် Blog ကိုပြန်အသက်သွင်းလိုက်ရပါတယ်။ ဒီဘလော့ဂ်ရေးရခြင်းရဲ့အဓိကရည်ရွယ်ချက်က အများလုပ်နေသလို ထင်ရာမြင်ရာတွေကို ပေါက်ကရရေးဖို့ရယ်၊ စာရွက်ဘောလ်ပင်နဲ့ဒိုင်ယာရီရေးရတာထက် ကျနော့်လက်တွေက ကီးဘုတ်ပေါ်မှာ ပိုပြီးကျင်လည်တယ်ထင်တာရယ် (လက်ရေးမလှတာကို ဖုံးတာ)၊ နောက် ၇ရက်သားသမီးတို့ Forward လုပ်ပေးကြတဲ့ အီးမေးလ်တွေထဲက ကောင်းနိုးရာရာ၊ စိတ်ဝင်စားစရာ၊ ရီစရာလေးတွေကို ပြန် Upload လုပ်ထားချင်တာရယ်ကြောင့်ပါ။
သူငယ်ချင်းတွေပို့ပေးတဲ့ မေးလ်တွေကိုအရင်က ကျနော်ပြန်ပြန်ပြီး တဆင့် Forward လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမလုပ်ဖြစ်တော့ပါဘူး။ အကြောင်းက အကြောင်းအရာတစ်ခုကို လေးငါးယောက်လောက်က ၀ိုင်းပြီး Forward လုပ်ရင် အနည်းနဲ့အများ စိတ်အနှောက်အယှက်ဖြစ်မယ်ထင်လို့ပါ။ ဥပမာ ဟိုးတစ်လောက ခေတ်စားခဲ့တဲ့ ကြက်ဥအတုလုပ်တဲ့ ကိစ္စဆိုရင် ကျနော့်ဆီကို ၁၀စောင်လောက်ရောက်ပါတယ်။ တစ်ခါလာလည်းဒါ၊ နောက်တစ်ယောက်လာလည်းဒါ။ တရုပ်ကြီးနဲ့ပေါက်ဖေါ်ကြီးသာ အခေါ်အဝေါ်ကွာပါတယ်။ အဲဒီတော့ ကောင်းနိုးရာရာ ကျနော်ထင်လို့ ပို့လိုက်တဲ့ဟာက သူတို့သိပြီးသားတွေ ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့လည်း များပါတယ်။ ဒါကြောင့် ငါးသိုင်းများဟင်းဟုန် သွားမှာစိုးလို့ အဲသလိုပို့မဲ့အစား Blog ပေါ်တင်ထားလိုက်ဖို့ စိတ်ကူးရပါတယ်။ ဒီနည်းအားဖြင့် စိတ်ဝင်စားတဲ့သူရှိရင် ၀င်ဖတ်နိုင်သလို သူဖတ်ချင်တဲ့အကြောင်းအရာကို ရွေးဖတ်လို့ရပါမယ်။ မလိုအပ်ပဲ သူတို့ Mail box ကိုကျနော့် မေးလ်တွေနဲ့ Flood ဖြစ်စေတော့မှာ မဟုတ်ဘူးလို့ ယူဆရင်း...
No comments:
Post a Comment